Sunday 24 July 2011

ဆရာတော်၏ ဝေဖန်ချက်

အစိုးရတို့ နှင့် ဆက်ဆံကျွမ်းဝင်၍ မျက်နှာလိုလားကြသောသူ အများပင်ရှိသောကြောင့် ဝံသာနုအမျိုးသားတို့ ကောင်းစီမဝင်သော်လည်း ကောင်စီ၌ အမတ်မရ မရှိနိုင်ဟု ဆရာတော်ကမဆိုလို။ 

ဗြူရိုကရက်တို့နှင့်နှောက်ယှက်ကြံစည်ရသော် အကျိုးထူးတစုံတရာ ခံစားကြရပေလိမ့်မည်ဟု ရိုးဖြောင့်စွာအယူရှိသော သူများလည်းရှိကြပေသည်။ 

၎င်းတို့နှင့်အပေါင်းပါမိတ်ဆွေတို့ကဲ့သို့ပင်လျှင် တိုင်းပြည်နှင့် အမျိုးသားကို ချစ်ခင်သောသူများရှိကြပေသည်။ 

သို့သော်ထိုသူတို့သည် ဆွေးဆွေးနွေးနွေးဆောင်ရွက်ခြင်းကို အလိုရှိ၍ သူရဲ့ဘောသတ္တိနည်းသော လူများဖြစ်ကြခြင်းကြောင့် ရွတ်ရွတ်ချွန်ချွန်မဆောင်ရွက်ဝံ့ကြပေ။ 

ထိုပုဂ္ဂိုလ်များတို့သည် စွန့်စား၍ ရွတ်ရွတ်ချွန်ချွန်ဆောင်ရွက်သူများက ရှောင်ရှား၍ပေးသောအခါမှ အသင့်သွားရောက်၍ ကျော်ေ စာထင်ရှားစွာ ပြည်သူအများ၏ နယကဦးစီးပြုလုပ်ကြပါစေ။ 

သို့ရာတွင် ကာလရှည်လျားလာသော အခါ ထိုသို့သော ပုဂ္ဂိုလ်တို့သည် အစိုးရတို့၏ ပိုက်ကွန်အတွင်းသို့ ဆင်းလျက် အစိုးရတို့၏ အယူဆ သဘောမျိုးအတိုင်း ယူဆကြပေလိမ့်မည်။ 

ထိုပုဂ္ဂိုလ်တို့သည် ဏ္ဍရိယအာဏာဖြင့် ဖိစီးတတ်သောသူများ ဖြစ်လာပေလိမ့်မည်။ (ဤစကားမှာ နောင်သဘောပြောင်းလဲသွားမည်ကိုသာ ပြောခြင်းဖြစ်၏။)

အမျိုးသားတို့သည် သူရသတ္တိနည်းပါးကြမှုကား ခွန်အားဗလနှင့် ပြည့်ဝသော သူတို့နှင့် ပူးပေါင်းဆောင်ရွက်သော်လည်း မုချပျက်စီးရလိမ့်မည်။ 

သူရသတ္တိနည်းသော အမျိုးသားတို့သည် ဗြူရိုကရက်တို့၏ သြဇာခံအာဏာသားများ ဖြစ်ကြရပေလိမ့်မည်။ 

ထိုထိုဂ္ဂိုလ်တို့သည် မိမိတို့ရည်ရွယ်ရင်း အကြံကို စွန့်ပစ်၍ တိုင်းပြည်ရေးရာ၌ ပေလာယျဖြစ်နေပေလိမ့်မည်။

တာဘက်နှင့်တဘက် မေတ္တာမကင်းကြ



သာယာဝတီ၌ ဆရာစံသူပုန်ထသောအခါ အထက်မြန်မာပြည်ရွှေဘိုနယ်တွင် အကြီးအကျယ်နှိမ်နှင်းခြင်းလုပ်ငန်းကို အစိုးရတို့ကပြုလုပ်၏။

ထိုအချိန်က ဆရာတော်ဦးဥတ္တမသည် စစ်ကိုင်းတွင်ရောက်ရှိနေပြီး တရားဘာဝနာ အားထုတ်နေသည်။

ကျွန်တော်မှာ ရွှေဘိုနယ်တွင် အမျိုးသားဘဏ်တိုက်တစ်ခု၏ ဘဏ်တိုက်ခွဲ၌ မန်နေဂျာအဖြစ် ရောက်ရှိချိန်ဖြစ်၏။

ထိုဘဏ်မှာ ကျွန်ုပ်တို့ကိုယ်တိုင်အစုရှယ်ယာများထည့်သွင်းကြပြီး ဦးထွန်းအောင်ကျော် အမှူးထား၍ ဆောင်ရွက်သော “ဘားမီးစိနေရှင်နယ် ဘင့်ခ်လီမီတတ်”ဖြစ်သည်။

ရွှေဘိုဝံသာနုဥက္ကဌ အမတ်ဟောင်းကွယ်လွန်သူ ဦးဘိုးထူးအိမ်နှင့် မျက်နှာချင်းဆိုင်တွင် ကျွန်တော့်အလုပ်တိုက်ရှိသည်။ 

အစိုးရသည် ဂေါရာ စစ်တပ်တတပ်ကို ရွှေဘိုသို့ပို၍ အသင့်ချထားပြီးလျှင် ကျွန်တော်၏ အလုပ်တိုက်၊ အသင်းဆရာတော်ကျောင်းတိုက်ရှိသည်၊ ဦးဘိုးထူးအိမ်နှင့် စစ်ကိုင်းတွင် သီတင်းသုံးနေသော ဦးဥတ္တမ၏ကျောင်းကို တချိန်တည်းစစ်တပ်။

ပုလိပ်တပ်နှင့်ဝိုင်းပြီး စာရွက်စာတမ်းများကို စုပေါင်းရှာဖွေ သိမ်းဆည်းလေတော့သည်။

သို့သော်လည်း ထိမိသော သူတို့လိုလားသည့် စကားတစ်ခုမျှမတွေ့ရ။

ရွှေဘိုနယ်ကျေးလက်မှ တောင်သူလယ်သမား ၀ံသာနုများကိုကား နေ့စဉ်ရာနှင့်ချီ၍ ဖမ်းဆီလျက် အချုပ်ထောင်တွင်းသို့ သွင်းနေရာအချုပ်ထောင်မဆံ့တော့သဖြင့် ရွှေဘိုမြို့မြောက်ဘက် ဥယျာဉ်တော်ရပ်တွင် ထောင်သစ်ဆောက်ဖို့ပင် သစ်ဝါးတွေပုံထားပြီး ဖြစ်လေသည်။

ကျွန်ုပ်တို့အိမ်တွေကို ၀ိုင်းပြီ ရှာဖွေသောနေ့ကဆိုလျှင် ခင်ဦးမြို့မှ ခေါင်းဆောင်ဦးခင်နှင့် ဆိပ်ခွန်ချိပါအရာတော်မျ ခေါင်းဆောင်အချို့ ကျွန်တော်အိမ်သို့ ရောက်နေပြီး တိုင်ပင်ကြရာ အားလုံးကပင် ကျွန်တော်ကခေါင်းဆောင်လျှင် ထကြွကြမည်ဟု ပြောဆိုတိုင်ပင် နေကြသောနေ့ဖြစ်သည်။

သို့သော် အင်းအိုင်လက်ဖွဲ့တို့ကို ယုံစားပြီး အလဟသ အကျိုးမဲ့အသေခံဖို့ထက် အင်းအားကို ရနိုင်သမျှ တတ်နိုင်သမျှ စုစည်းပြီး အခါကိုစောင့်ဖို့ ကျွန်တော်ကတိုက်ထွန်းကာ ဆိုင်းထားဆဲရှိ၏။

သို့သော် အစိုးရအရာရှိတို့သည် ကျွန်တော်အိမ်မှ ဧည့်သည်သုံးယောက်ကို ဆွဲသွားပြီး ထောင်ထဲထည့်ထားလိုက်သည်။

ထိုသို့ အရမ်းဖမ်းထားခြင်းခံနေရပြီး ထောင်ထဲကို ပုလိပ်က ထင်သလိုထည့်သွင်းနေခြင်းဖြင့် နယ်ဆူစ ပူစပြုလာပြီး ထိုအရေးကိစ္စကို အစိုးရကကြည့်နေလျှင် ရွှေဘိုနယ်မှ ထကြွလာသောသူပုန်မှာ နယ်သားတို့တာဝန်မဟတ်။

အရေးယူပေးရန် ကောင်စီဘူကြီးဦးနီသို့ စာဖြင့်အကြောင်းကြားရသည်။

သူရိယသတင်းစာသို့လည်း ဆောင်းပါးနှစ်ခါသုံးခါလောက် ရေးသားပေးပို့၏။

ထိုသို့ပို့ပြီးနောက် လွှတ်တော်တွင် မေးခွန်းများ ထုတ်တော့မှပင်လျှင် ဖမ်းထားသော လူဦးရေ ၆၀၀-ကျော် ၇၀၀- ခန့်ကို လွှတ်လိုက်လေတော့သည်။

ဤအခါ၌ပင်လျှင် ကောင်စီကိုဝင်နေကြသော အမတ်မင်းများနှင့်ကောင်စီဝင်ရန်အားပေးသော သူရိယသတင်းစာတို့သည်လည်း သပတ်ဝံသာနုတို့၏ အရေးပေါ်ကိစ္စများတွင် သွေးရင်းသားရင်းကဲ့သို့ သဘောထားပြီး တတ်နိုင်သော အကူအညီကိုပေးကြ၍ ၀ံသာနုတို့ သက်သာခွင့်ရပေသေးသည်ဟု ချီးမွမ်းကျေးဇူးတင်ရပေသည်။